GERD လို့ခေါ်တဲ့ အစာခြေအက်ဆစ်တွေ ပြန်ဆန်တက်တဲ့ ရောဂါ
GERD လို့ခေါ်တဲ့ အစာအိမ်ထဲက အစာခြေအက်ဆစ်တွေနဲ့ အစာတွေဟာ
အစာရေမျိုကတဆင့် ပါးစပ်ထဲကို ပြန်ဆန်တက်တဲ့ ရောဂါဟာ အဖြစ်များတဲ့ ရောဂါတစ်ခုပါ။ အမေရိကန်နိုင်ငံမှာ ဆိုရင် လူတစ်ရာမှာ အယောက်နှစ်ဆယ်ခန့်က GERD ကို ခံစားနေရပါတယ်။
Cause Overview
ဘာကြောင့် ဖြစ်တာလဲ?
အစာရေမျိုရဲ့ ထိပ်ဖက်မှာနဲ့ အောက်ဖက်မှာ ရှုံ့ကြွက်သားတစ်ခုစီ ရှိပါတယ်။ အောက်ဖက်က ရှုံ့ကြွက်သားဟာ အစာရေမျိုထဲက အစာတွေကို အစာအိမ်ထဲကို ပို့ပြီးတာနဲ့ ကြွက်သားကို ကျုံ့လိုက်ပြီး အစာအိမ်ထဲက အစာနဲ့ အစာခြေအက်ဆစ်တွေ အပေါ်ကို ပြန်ဆန်မတက်အောင် ကာကွယ်ပေးပါတယ်။
GERD ဟာ အစာရေမျို အောက်ဖက်က ရှုံ့ကြွက်သားက ကောင်းကောင်းအလုပ်မလုပ်နိုင်လို့ ဖြစ်တာပါ။
ပန်းနာရင်ကြပ်နဲ့ GERD ဆက်စပ်မှုအနေနဲ့ ပန်းနာရင်ကြပ်ရှိတဲ့သူတွေရဲ့ ၇၅ % လောက်မှာ GERD ရှိတတ်ပြီး GERD က ပန်းနာရင်ကြပ်ကို ပိုဆိုးစေပါတယ်။ GERD ကြောင့် လည်ချောင်း၊ လေပြွန်နဲ့ အဆုတ်က ရောင်ရမ်းထိခိုက်ပြီး နာတာရှည်ချောင်းဆိုးတာ၊ အသက်ရှူရခက်တာ ဖြစ်တတ်ပါတယ်။
အသက် ၄၀ ကျော်တဲ့သူတွေ၊ အဝလွန်သူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ဆေးလိပ်သောက်သူ ဒါမှမဟုတ် ဆေးလိပ်ငွေ့ အမြဲရှူနေရသူတွေ၊ ဆီကြော်၊ အစပ်နဲ့ နို့ထွက်ပစ္စည်း အစားများသူတွေ၊ ပန်းနာရင်ကြပ်ပျောက်ဆေး၊ သွေးတိုးကျဆေး၊ အနာသက်သာတဲ့ဆေးနဲ့ စိတ်ကျရောဂါသောက်ဆေးတချို့ သောက်နေရသူတွေ၊ hiatal hernia လို့ခေါ်တဲ့ အစာအိမ်က ရင်ဝမ်းခြားကြွက်သားထဲကို ကျွံဝင်နေတဲ့သူတွေမှာ အဖြစ်များပါတယ်။
Symptom & Types
GERD ရှိမှန်း ဘယ်လိုသိမလဲ?
အစာအိမ်နဲ့ အူလမ်းကြောင်း မှန်ပြောင်းကြည့်တာ
Barium ထည့်ပြီး ဓာတ်မှန်ရိုက်တာ
အစာရေမျိုထဲက pH ကို တိုင်းကြည့်တာတွေကတဆင့် သိနိုင်ပါတယ်။
ရောဂါလက္ခဏာ…
အဖြစ်အများဆုံးကတော့ ရင်ပူတာပါပဲ။
ချဥ်စုပ်စုပ် အစာတွေ၊ အရည်တွေက ပါးစပ်ထဲကို ပြန်ဆန်တက်လာတာ
လည်ချောင်းထဲမှာ အစာတွေ ဆို့နေသလို ခံစားရတာ
ချောင်းဆိုးတာ
ရင်ဘတ်အောင့်တာ
အန်တာ
အစာမျိုရခက်တာ
လည်ချောင်းနာ၊ အသံဝင်တာတွေ ဖြစ်နိုင်ပြီး ကလေးငယ်တွေမှာ အထက်ပါ ရောဂါလက္ခဏာတွေအပြင်
အစာစားချင်တာ မဟုတ်ဘဲ ငိုနေတတ်တာ
အသက်ရှူရခက်တာ
ခံတွင်းအနံ့ဆိုးတာ
အစာနင်သလို ဖြစ်တာ
အစာစားပြီးလည်း မအိပ်တာ စတဲ့ လက္ခဏာတွေပါ တွေ့ရတတ်ပါတယ်။
Support & Resources
ကုသမှု
Antacids၊ protom pump inhibitors၊ H2 receptor blocker အမျိုးအစား အစာအိမ်ဆေးတွေ၊ အစာရေမျိုကြွက်သား ကျုံ့နိုင်အားကောင်းစေတဲ့ဆေးတွေ ပေးပြီး ကုသရပါတယ်။ ဆေးသောက်ပေမယ့် မသက်သာရင် ခွဲစိတ်ကုသတာမျိုးလည်း လုပ်လို့ရတာမို့ ဆရာဝန်နဲ့ သေချာပြသ ကုသမှုခံယူတာ အကောင်းဆုံးပါ။
GERD ဟာ အသက်အန္တရာယ် ပေးနိုင်တဲ့ရောဂါတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အစာရေမျိုနံရံတွေ ရောင်ရမ်းထိခိုက်တာ ကြာရှည်လာရင် အစာရေမျိုကင်ဆာ ဖြစ်နိုင်ခြေ ရှိပါတယ်။
GERD ရှိရင်
- အစာအများကြီး တစ်ခါတည်းမစားဘဲ ခဏခဏစားတာ
- အစာအိမ်ထဲမှာ အက်ဆစ် level တက်စေမယ့် အစားအစာမျိုးကို ရှောင်တာ ( အပူအစပ်၊ ဆီကြော်နဲ့ အဆီများတဲ့ အစာတွေ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချောကလက်၊ အရက်၊ ကော်ဖီနဲ့ gas ပါတဲ့ အချိုရည်တွေ၊ ချဥ်တဲ့အသီးတွေ)
- အစာစားရင် မတ်မတ်ထိုင်စားတာ၊ စားပြီး ၄၅ မိနစ်- ၁ နာရီခန့် ထိုင်နေတာ
- ဝနေရင် ဝိတ်လျှော့တာ
- ဆေးလိပ်ဖြတ်တာ
- မအိပ်ခင် ၃ နာရီအလိုလောက်တည်းက အစာထပ်မစားတာ
- အိပ်ရင် ခေါင်းအုံးမြင့်မြင့်အုံးအိပ်တာ
- ဗိုက်ကိုစည်းထားသလို ဖြစ်စေမယ့် အဝတ်အစားကျပ်ကျပ်တွေ ရှောင်တာတွေက ရောဂါလက္ခဏာ သက်သာဖို့ အထောက်အကူ ဖြစ်ပါလိမ့်မယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်